
တစ်ခါတုန်းက ကျွန်တော်…..
တောင်ပံမပါတဲ့ စိတ်ကူးတွေနဲ့
ခရမ်းပြာတိမ်တိုက်တွေပေါ် လမ်းလျှောက်ခဲ့ဖူးတယ်
ကာရန်မညီတဲ့ အိမ်မက်တွေနဲ့
ကြယ်သေတွေ ညတိုင်းအချိုးချရေတွက်ခဲ့ဖူးတယ်
ခပ်ရေးရေးမျှော်လင့်ချက်တွေ
တပွေ့တပိုက်နဲ့လဲ ခပ်ကွေးကွေးအိပ်စက်ခဲ့ဖူးတယ်
နောက်ပြီး အနည်းငယ်စကားသံဝဲတတ်တဲ့
မတုန်မလှုပ် ကောင်မလေးတစ်ယောက်
ရင်ဘတ်ပေါ်မှာ ကဗျာဆန်ဆန်တောက်ပခဲ့ဖူးတယ်
တကယ်ဆို….ချစ်သူရာ…
အသုံးမကျတဲ့ငါ့ကို မင်းခွင့်လွှတ်ခဲ့တာ
အဆုံးမလှမယ့်ဘ၀ကို မင်းကယ်တင်ခဲ့တာ
တကမ္ဘာလုံး သြချရလောက်အောင် မင်းသိပ်ချစ်ခဲ့တာ
ငါနဲ့အတူလျှောက်လမ်းဖို့ အနာဂတ်တွေ
ဖန်တီးလို့ မင်းသည်းခံစောင့်ဆိုင်းခဲ့တာ
နှစ်ယောက်အတူရည်းစူးလို့လဲ ဘ၀ထူထူတွေကို
ထိပ်ပေါ်ရောက်အောင် မနည်းဆွဲတင်ခဲ့တာလေ
တစ်ခါတစ်လေ ငါသိပ်ချစ်လို့ လူအလစ်မှာ
နှုတ်ခမ်းပါးလေး ခိုးနမ်းလိုက်ရင်တောင်
မျက်စောင်းလေးထိုးပြီး ပြုံးနေလိုက်တာ
မဆန်းပြားပေမယ့် အခမ်းနားဆုံးလေးတော့
ဖြစ်ပျက်ခဲ့ဖူးတာ ဒါနဲ့များ…ချစ်သူရာ
နင်ထွက်သွားခဲ့တာ ခြေသံတိုးတိုးလေးတောင်
ငါမကြားမိလိုက်တာ ငါတကယ်ညံ့ဖျင်းလို့ပါ
ညနေချိန်တိမ်တောက်လို့ နေမင်းကြီးအိမ်ပြန်သွားရင်
နင်များ ပြန်လာမလား မျှော်နေမိတာ ငါမိုက်မဲလို့ပါ
ခေါက်ရိုးကျိုးနေ့ရက်တွေထဲ….
ပျောက်နိုးနိုးမင်းအကြောင်းတွေ……
အဆုံးသတ်သွားမှာစိုးလို့ ထပ်တလဲတွေးနေမိတာ
ငါ….မင်းကိုလေ……………သိပ်ချစ်ခဲ့မိလို့ပါ…………။
Written By - အောင်ငဲ



No comments:
Post a Comment